ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်...
မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် မြည်းပေါ်တွင် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏နောက်မှ လိုက်ပါစီးနင်းခဲ့သည်။ ထိုမြည်း၏နာမည်မှာ အုဖွိုင်းရ် ဖြစ်သည်။ ကိုယ်တော်က အို-မုအာဇ် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့်ဝတ္တရားကို သင်သိပါသလားဟု မေးတော်မူသည်။ ကျွန်တော်က အလ္လာဟ်အရှင်မြတ်နှင့် အရှင့်ရစူလ်တမန်တော်သာ အသိဆုံးဖြစ်ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်တော်မူသည်မှာ- ဧကန်မုချ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်ကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူအား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထိုအခါ ကျွန်တော်က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤသတင်းကို လူတို့အား ကျွန်တော်မျိုး ပြောပြရမည်လောဟု လျှောက်ထားမေးမြန်းခဲ့သည်။ ကိုယ်တော်က ၎င်းတို့အား မပြောပြလေနှင့် ပြောပြလိုက်လျှင် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး(အမလ်ကျင့်ဆောင်မှု မပြုဘဲ) နေကြလိမ့်မည်ဟု မိန့်ကြားခဲ့သည်။
ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။
ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။
ရှင်းလင်းချက်
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ အရှင်မြတ်၏ကျေးကျွန်များအပေါ်တွင်ရှိသည့် ဝတ္တရားနှင့် ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားတို့ကိုရှင်းပြတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်နှင့် ပတ်သက်၍ ကျေးကျွန်များအပေါ်တွင်ရှိသည့်ဝတ္တရားမှာ ထိုအရှင်မြတ်တစ်ဆူတည်းကိုသာ ခဝပ်ကိုးကွယ်ရန်နှင့် အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုရန်ဖြစ်သည်။ ကျေးကျွန်များနှင့် ပတ်သက်၍ အလ္လာဟ်အရှင်မြတ်အပေါ်တွင်ရှိသည့် ဝတ္တရားမှာ အရှင်မြတ်နှင့်အတူ မည်သည့်အရာကိုမျှ ယှဉ်တွဲကိုးကွယ်မှု မပြုသူ ‘မုဝဟ္ဟိဒ်’အား အဇာဗ်ပြစ်ဒဏ်မပေးရန်ဖြစ်သည်။ ထို့နောက် မုအာဇ်(ရဿွိယလ္လာဟုအန်ဟု)က အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ဤထွတ်မြတ်မှုကိုသိပြီး လူတို့ဝမ်းသာပျော်ရွှင်ကြစေရန် ကျွန်တော်မျိုး သတင်းကောင်းပါးလိုက်ရမည်လားဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့သည် ထိုအပေါ်တွင်သာ မှီခိုအားထားပြီး အမလ်ကျင့်ဆောင်မှုမပြုဘဲ နေကြမည်ကို စိုးရိမ်၍ မပြောပြရန် တားမြစ်တော်မူခဲ့သည်။